Tuesday 2 July 2013

Protests against labour brokers in Myawaddy

The Irrawaddy reports on recent protests against labour brokerage companies in Myawaddy, over delays in processing the MoU passports for migrants to work in Thailand.

"Myawaddy's first worker protest," The Irrawaddy, 28 June 2013

ကြာသပတေး ညနေပိုင်းက နယ်စပ်မြို့ မြဝတီမှာ အလုပ်သမားအများ ဆန္ဒပြခဲ့ကြပါတယ်။
ဒါဟာ ဒီဒေသမှာ အလုပ်သမားတွေ ပထမဆုံးအကြိမ် ဆန္ဒပြခြင်း ဖြစ်ပါတယ်။
သူတို့ ဘာကြောင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြတာလဲ။ 
ဒီအကြောင်း ဧရာဝတီ သတင်းထောက် ပြည်တော်မြင့်က အခုလို သတင်းပေးပို့ထားပါတယ်။ 
ကြာသပတေးနေ့က ကရင်ပြည်နယ် မြဝတီတွင်ဆန္ဒပြခဲ့ကြသည့်အလုပ်သမားများ (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)

ထိုင်း-မြန်မာ လက်မှတ်ထိုးထားသည့် နားလည်မှုစာချွန်လွှာ (MOU)  အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြမည့်သူ အများအပြား ကာလ ကြာရှည်စွာ စောင့်ဆိုင်းနေရသည့်အတွက် မကျေမနပ် ဖြစ်နေကြသည်ဟု ၎င်းတို့ကို အကျိုးဆောင်ပေးသည့် မြဝတီအခြေစိုက် ”ဆွေဆွေစံ” ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ၏ မန်နေဂျာ ကိုကျော်မြင့်(ခ)မိုက်ကယ်က သတင်းဌာနများကိုပြောသည်။

၎င်းက ”ကျွန်တော့ဆီမှာ ထိုင်းကိုထွက်ဘို့စောင့်ဆိုင်းနေတဲ့ အလုပ်သမား ၆ဝဝ လောက်ရှိတယ်။ အခုဆန္ဒလာပြ တာက ၂ဝဝ လောက်ပါပဲ၊
သူတို့စောင့်နေတာ ၇ လရှိပြီ။  အလုပ်သမားဝန်ကြီးဌာနက ဒီလူတွေကိုသွားခွင့်မပြုဘဲ အခြားကုမ္ပဏီကအလုပ်သမားတွေကို အစားထိုး သွားခွင့်ပြုလိုက်တဲ့အတွက် သူတို့ရဲ့ အဂတိလိုက်စားမှုတွေကို သိစေချင်တဲ့အတွက် အခုလို  လာရောက်ဆန္ဒပြရတာဖြစ်တယ်” ဟု ကိုကျော်မြင့်ကပြောသည်။

အမှန်တရားအတွက်လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ဆန္ဒပြမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူရင်ဆိုင်သွားမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ဆွေဆွေစံ”ကုမ္ပဏီက အကျိုးဆောင်ပေးထားသူများသည် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းအထောက်အထား၊   အချက်အလက် အပြည့်အစုံရရှိပြီးဖြစ်ကြောင်း သိရသည်။

၂ နာရီခန့်ကြာသည့်ဆန္ဒပြပွဲသို့ မြဝတီခရိုင်ရဲမှူးဦးအောင်မြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံတို့ ရောက်ရှိလာပြီး လူစုခွဲစေကာ ကိုကျော်မြင့်နှင့် အလုပ်သမားခေါင်းဆောင်အချို့ကို ခေါ်ဆောင်သွားခဲ့သော်လည်း ဆန္ဒပြတောင်းဆိုမှုနှင့်ပတ်သက်၍ ဖြေရှင်းပေးခြင်းမရှိသေးဟု မြို့ခံတဦးကပြောသည်။

နယ်စပ်မြဝတီမြို့တွင် ယခုကဲ့သို့ မြန်မာအလုပ်သမား အများအပြား ဆန္ဒပြအရေးဆိုခြင်းသည်   ပထမဆုံးအကြိမ်ဖြစ်ပြီး အာဏာပိုင်များ အနေနှင့် အလုပ်သမားများ၏တောင်းဆိုမှုကို ပြေလည်အောင် ဖြေရှင်းပေးသင့်သည်ဟု မြဝတီမြို့ရှိ နိုင်ငံရေး ပါတီကြီး တခုမှ တာဝန်ရှိသူတဦးက ဆိုသည်။

ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ပြီး  အလွယ်တကူ သွားရောက် လည်ပတ်နိုင်သော်လည်း တရားဝင် ရေရှည် အလုပ်လုပ်ကိုင်ခွင့် အတွက် မြဝတီတွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

မြို့ပေါ်တွင် ပြည်ပအလုပ်အကိုင်ရှာဖွေပေးရေးကုမ္ပဏီ ၁ဝ ခုခန့်ရှိပြီး ကုမ္ပဏီအချို့နှင့် ပွဲစားအချို့ကြောင့် လိုရာခရီးမပေါက်ဘဲ ဤဒေသတွင် သောင်တင်နေသော အနယ်နယ်အရပ်ရပ်မှ အလုပ်သမား ၃,ဝဝဝ ခန့် ရှိသည်ဟု မြဝတီမှ အလုပ်သမားအရေးဆောင်ရွက်နေသူတဦးက ဧရာဝတီသတင်းဌာနကို ပြောသည်။

ဆန္ဒပြအရေးဆိုမှုကို အာဏာပိုင်များဘက်မှ ပြေလည်အောင်ဖြေရှင်းပေးခြင်း မရှိပါက အလားတူဖြစ်ရပ်များ ထပ်မံပေါ်ပေါက်လာနိုင်သည်ဟု ထိုင်းဘက်ခြမ်း မဲဆောက်တွင် အခြေစိုက်သည့် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များက သုံးသပ်နေကြသည်။

ကုမ္ပဏီအချို့က အလုပ်သမားတို့ကို ငွေညစ် လိမ်လည်သည်ဟူသော ဖြစ်ရပ်မှာ နယ်စပ် နှစ်မြို့စလုံးတွင် ပေါ်ပေါက်နေသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မဲဆောက်မြို့တွင် ယာယီနိုင်ငံကူးလက်မှတ်ရရှိရေး အကျိုးဆောင် ပေးသည့် ကုမ္ပဏီအချို့က  အလုပ်သမားများထံမှ ဘတ် တသောင်းကျော်စီ ကြိုတင်ရယူကာ အလွဲသုံးစားပြုထားခြင်းကို မကျေနပ်သဖြင့် ဆန္ဒပြအရေးဆိုသူတချို့ကို ထိုင်းရဲတို့က ထိန်းသိမ်းလိုက်သည်။ 

 အကျိုးဆောင်ကုမ္ပဏီတချို့ နှင့် ကြားပွဲစားတချို့ကို ပုံအပ်မိသဖြင့် ယာယီနိုင်ငံကူးလက်မှတ်မရဘဲဒုက္ခရောက်ကာ မဲဆောက်တွင် နှစ်ဝက်ကြာ သောင်တင်နေသည့် မြန်မာအလုပ်သမား ထောင်ဂဏန်းနီးပါးရှိသည်ဟုသိရသည်။
"The uniform worn when protesting in Myawaddy," The Irrawaddy, 30 June 2013

နယ်စပ်မြို့ မြဝတီမှာ ဆန္ဒပြတာ၊ ဆန္ဒဖော်ထုတ်တာ မရှိသလောက်ပါပဲ။
ရှိရင်လည်း ပြောက်ကျားဝတ်စုံ ဝတ်ဆင်ပြီး ဆန္ဒပြကြတယ်လို့ ဆိုရမယ် ထင်ပါတယ်။



ဆန္ဒပြသည့်နေ့က မြ၀တီခရိုင်အာဏာပိုင်များနှင့် အခြေအတင် ပြောဆိုနေသည့် ကိုကျော်မြင့်ကို ပြောက်ကြားဝတ်စုံနှင့် တွေ့ရသည် (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)
ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ပြောက်ကျားဝတ်စုံ ဝတ်ဆင်သူ အများအပြားက မြ၀တီမြို့ကို ကား ၁၀ စီးနဲ့ လှည့်ပြီး ဆန္ဒပြပါတယ်။
သူတို့ရဲ့ တောင်းဆိုချက်ထဲမှာ လက်ပံတောင်းတောင် ဒေသ သံဃာများ အကြမ်းဖက်နှိမ်နှင်းမှုနဲ့ ပတ်သက်ပြီး အစိုးရက တောင်းပန်ပါ ဆိုတဲ့အချက် ပါပါတယ်။

အဲဒီသတင်းကို ဧရာဝတီ ဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။
 http://blog.irrawaddy.org/2012/12/dkba.html မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

ဧရာဝတီရုပ်သံ http://video.irrawaddy.org/2012/12/dkba-protest-to-stop-copper-mine.html မှာလည်း ကြည့်နိုင်ပါတယ်။

အဲဒီတုန်းက ပြောက်ကျား ဝတ်စုံတွေနဲ့တင် မကဘူး၊ သေနတ်ကြီးတွေ ကိုင်ပြီး ဆန္ဒပြပါတယ်။
တရားစွဲတယ်လို့ မကြားရပါ။

၇ လ အကြာမှာ မြ၀တီမှာပဲ ဆန္ဒပြပွဲတခု ထပ်ဖြစ်ပါတယ်။ အလုပ်သမားတွေဆန္ဒပြတာပါ။ ဆန္ဒပြမှုကိုဦးဆောင်ခဲ့တဲ့ “ဆွေဆွေစံ” ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ မန်နေဂျာ ကိုကျော်မြင့်(ခ)မိုက်ကယ်က ပြောက်ကြားဝတ်စုံ ဝတ်ထားပါတယ်။
အဲ .... သေနတ်တော့ ကိုင်မထားပါဘူး။

ကြာသပတေးနေ့က သူတို့ ဘာကြောင့် ဆန္ဒပြသလဲ ဆိုတဲ့ သတင်းကို http://blog.irrawaddy.org/2013/06/blog-post_29.html မှာ အသေးစိတ် ဖော်ပြပြီးပါပြီ။
 

နယ်စပ်ဖြတ်ပြီး ထိုင်းမှာ အလုပ်သွားလုပ်မယ့်သူတွေနဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနမှာ  အဂတိလိုက်စားမှု ရှိနေတယ်လို့ ဆန္ဒပြသူတို့က ဆိုပါတယ်။
အခု နောက်ဆုံး ကြားရတဲ့ သတင်းကတော့  ကိုကျော်မြင့်ဟာ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ဆန္ဒပြမှုနဲ့ တရားစွဲခံရမယ် ဆိုတာပါပဲ။

သူက  တရားရုံးက ဆင့်ခေါ်မယ့်အချိန်ကိုစောင့်နေတယ်၊  “ကျွန်တော်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်းသွားမယ်” လို့ ပြောပါတယ်။
ကြာသပတေးနေ့  ဆန္ဒပြပွဲကို ခရိုင်ရဲမှူးနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လူစုခွဲစေခဲ့ပြီး ကိုကျော်မြင့်နဲ့ အလုပ်သမား တချို့ကိုခေါ်ယူ ဆွေးနွေးတယ်။
အလားတူလုပ်ရပ်မျိုး ထပ်မံ မပြုလုပ်ပါနဲ့ လို့လည်း အသိပေးပြောကြားခဲ့တယ်။ အခုတော့  သူ့ကို တရားစွဲမယ့် အစီအစဉ် ထွက်လာပါတယ် တဲ့။

မြဝတီမှာ ဆန္ဒပြရင် ဝတ်ကြတဲ့ ပြောက်ကျား ဝတ်စုံဟာ ကြံတိုင်းအောင်ဝတ်စုံ မဟုတ်ဘူးလို့ ဆိုရပါမယ်။

ကိုကျော်မြင့်တို့အမှု တရားရုံးရောက်မယ် မရောက်ဘူး ဆိုတာရယ်၊ ဘယ်လို အဆုံးသတ်မယ် ဆိုတာရယ်ကိုတော့ မသိရသေးပါဘူး။

ဆန္ဒပြသူတွေ အော်ချက်ထုတ်ခဲ့တဲ့အတွက်  အလုပ်သမားဝန်ကြီးဌာနအတွင်း ကိုင်တွယ်ပုံတချို့ စုံစမ်းစစ်ဆေးခံရတော့မယ်လို့ ယူဆရပါတယ်။

No comments:

Post a Comment